Mar 20, 2010

1 ရဟန်းခံအလှူတော်မင်္ဂလာ

၈.၃.၂၀၁၀ (တနင်္လာနေ့)တွင် ပုသိမ်မြို့ရေကြည်မင်္ဂလာကျောင်းတိုက် ၌ ဒုလ္လဘရဟန်းခံ အလှူတော်မင်္ဂလာကို ကွယ်လွန်သူ ဦးဘစိန်အား ရည်စူး၍ ဇနီးဒေါ်တင်တင်အေး မိသားစု တို့မှ မြေးဖြစ်သူ မောင်လမင်းအား သာသနာဘောင်သို့ရောက်အောင် ချီးမြှင့်ခဲ့ပါတယ်။










ဒုလ္လဘ

ယနေ့ မြန်မာနိုင်ငံ တောရော မြိုပါ နေရာအနှံ့အပြား မှာ နွေရာသီကျောင်းပိတ်ရက်ပဲဖြစ်ဖြစ်၊ သင်္ကြန် ရုံးတွေပိတ်ရက်တွေမှာပဲ ဖြစ်ဖြစ်၊ ဘုန်းတော်ကြီးကျောင်းတွေမှာ သားရှင်ပြု၊ ရဟန်းခံ၊ သမီး နားသ၊ သီလရှင်ဝတ်ပေးခြင်း စသည့် မင်္ဂလာများကို အကြောင်းပြု၍ အလှူကြီးတန်းကြီးတွေနဲ့ စည်ကားလျက်ရှိပါသည်။ ထိုရှင်ပြု ရဟန်းခံပွဲကို ဒုလ္လဘ ရဟန်းပြုပွဲလို့လဲ ခေါ်ဝေါ်ကြသည်။ ဒုလ္လဘဆိုသည်မှာ ရခဲ၏၊ ရဘို့ရန်မလွယ်ကူ၊ လူအနဲစုသာ ရနိုင်၏ စသည်အားဖြင့် အဓိပ္ပါယ်အမျိုးအမျိုးဖွင့်ဆိုနိုင်သည်။ လိုရင်းကတော့ တန်ဘိုးကြီးလို့ ရနိုင်ခဲခြင်းပင်ဖြစ်ပါသည်။ တန်ဘိုးဆိုသည်မှာ ရဟန်းဘ၀ရဲ့တန်ဘိုးနှင့် ထိုဘ၀ကိုရနိုင်ဘို့ ပိုင်ဆိုင်ရသည် ရှေးဘုန်းရှေးကံများပါသည်။ ဘယ်လိုတန်ဘိုးတွေနှင့် ရခဲလှတယ်ဆိုတာ ဆက်ပြောကြရအောင်နော်

ဒုလ္လဘ တရား ငါးပါး
(၁) ဗုဒ္ဓုပ္ပါဒ ဒုလ္လဘ = ဘုရား၏အဖြစ်ကိုရခဲခြင်း။
(၂) မနုဿတ္တဘာဝ ဒုလ္လဘ = လူအဖြစ်ကိုရခဲခြင်း။
(၃) သဒ္ဓါသမ္ပတ္တိ ဒုလ္လဘ = သဒ္ဓါတရားနှင့် ပြည့်စုံသည့်အဖြစ်ကိုရခဲခြင်း။
(၄) ပဗ္ဗဇ္ဇိတာဘာဝ ဒုလ္လဘ = ရဟန်း၏ အဖြစ်ကိုရခဲခြင်း။
(၅) သဒ္ဓမ္မသ၀နအတိ ဒုလ္လဘ = သူတော်ကောင်းတရားနာကြားခွင့်ကို အလွန်ရခဲခြင်း။

ပဗ္ဗဇ္ဇိတာဘာဝ ဒုလ္လဘ

နံပါတ် (၄) ရဟန်းအဖြစ်ကို ရခြင်းသည် ခက်ခဲ၏ ရခဲ၏၊ ဘုန်းရှိကံရှိ သူတွေသာလျင် ရဟန်းအဖြစ်ကို ရနိုင်သည်။ ဘုရားပွင့်မှ ဘုရားသားတော် ရဟန်းများပေါ်ပေါက်လာနိုင်၏။ ထိုရဟန်းတော်များရှိမှသာလျင် ရဟန်းအသစ်တပါးအားချီးမြှောက်ရန် အနီးကပ်ကြည့်ရှုစောင့်ရှောက်မည့် ဥပဇ္ဈာယ်ဆရာ၊ ရဟန်းခံရာဝယ် ပါဝင်မည့် ကာရက သံဃာ၊ အနုသာသက၊ ညတ်ကမ္မ၀ါစာဆရာ စသည်များရနိုင်ပါသည်။

ရဟန်းသစ်ကိုယ်တိုင်ကလဲ ပြည့်စုံရမည့် ဂုဏ်ရည်များလိုအပ်ပါသည်။

ထိုဂုဏ်ရည်တို့မှာ---
ရဟန်းလောင်းသည် ယောက်ျားစစ် ဖြစ်ရခြင်း၊
အသက် ၂၀-ပြည့်ရခြင်း၊
တိတ္ထိ ( ဒိဋ္ဌိအယူရှိသူ ) မဟုတ်ရခြင်း၊
ပဉ္စာနန္တရိယ ကံကြီးများ ကျူးလွန်ထားသူ မဟုတ်ခြင်း-စသော အင်္ဂါတို့နှင့် ညီညွတ်သူ ဖြစ်ရ၏။ ခြေလက်အင်္ဂါ ပြည့်စုံရခြင်း၊ အနူနာ၊ တီဘီစသော ရောဂါမျိုးများကင်းစင်ရခြင်း စသည်များအပြင် အခြား သိမ်နှင့်ပတ်သက်သသည့် လိုအပ်ချက်များရှိပါသေးသည်။ ဥပမာ- ဉတ္တိအနုဿာဝနတို့အရ ဉတ်ကမ္မ၀ါစာကို ဌာန်၊ ကရိုဏ်း၊ ပယတ်၊ သိထိလ၊ ဓနိတ ပီသစွာ မှန်မှန်ကန်ကန် ရွတ်ဖတ်နိုင်ရ၏။
သီမာ-အရ သိမ်သည် အောင်အောင်မြင်မြင် သမုတ်ခဲ့သော သိမ်ကောင်းဖြစ်ရ၏။
ပရိသာ-အရ ကံဆောင်သံဃာသည် အနည်းဆုံး ရဟန်းစစ်စစ် ငါးပါးရှိရ၏။ ဤသို့အားဖြင့်ရဟန်းမဖြစ်မီ ပြည့်စုံနေရမည့် ဂုဏ်ရည်များအပြင် ရဟန်းဖြစ်ပြီးသော် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ များစွာရှိနေပါသေးသည်။ ထို့ကြောင့် ရဟန်းဘ၀သည် လွယ်ကူသည်ဟူ၍ မည်သူမျှ မတွေးရဲ့ကြပေ။

ရဟန်းတော်များအား ထောက်ပံ့ခွင့်

ရဟန်းအဖြစ်ကို မဆိုထားဘဲ ရှင်ရဟန်းတို့အား ထောက်ပံ့ခွင့်ရခြင်းသည်ပင် ဘုန်းရှိ ကံရှိသူတွေအတွက်သာ ဖြစ်ပါသည်။ မိထွေးတော် ဂေါတမီက သူ၏ဘ၀သံသရာ ဖြစ်စဉ်ကို ပြန်ကြည့်လိုက်သောအခါ ရဟန်းတော်များအား ချီးမြောက်ခွင့်ရခြင်းသည် နှစ်ဘ၀ပဲရှိသည်ဟု မြတ်ဗုဒ္ဓအား လျှောက်ဖူးသည်၊ တစ်ဘ၀က ပစ္စေကဗုဒ္ဓါ အရှင်မြတ်များအား ပစ္စည်းလေးပါး ထောက်ပံ့ခွင့်ရခဲ့၊ ဒုတိယဘ၀မှာ တော့ ဘုရားရဲ့ မိထွေး(အမေ) အဖြစ်နဲ့ စောင့်ရှောက်ခွင့်ရသည်။

တပည့်တော်တို့ မိန်းမသားဘ၀မှာ ဘုရင့်အမေ၊ မိဘုရားဆိုတဲ့ အမည်ထူးတွေကတော့ ရဘို့ရန် မခဲရင်းပါဘူးဘုရား၊ ဒါပေမဲ့ဘုရား ရဟန်းမယ်တော်၊ ကိုရင့်မယ်တော် ရဟန်းအမဆိုတဲ့ ဘွဲ့ထူးတွေကတော့ အလွန့်အလွန်ကို ရခဲလှပါတယ်ဘုရား။(မိထွေးတော်ဂေါတမီ လျှောက်ခန်း)။မိထွေးတော်ဂေါတမီကို အားကျကာ ဗုဒ္ဓဘာသာဝင်များသည် စာသင်တိုက်ကြီးတွေမှ စာတော်သော ကိုရင်များကို ပစ္စည်းလေးပါး ထောက်ပံ့ခြင်း၊ ရဟန်းခံပေးခြင်းများ ပြုလုပ်ကြသည့်အပြင် ကိုယ့်ရဲ့ ရင်သွေးများ၊ သွေးသားတော်စပ် တူ၊ မြေးစသည်များကို ရဟန်းဘောင်ရောက်အောင် ထောက်ပံ့ပေးကြသည်။

ကိုယ့်ရဲ့ ရင်သွေးများ သွေးသားတော်စပ်သူများအား ရခဲသည့်ဘ၀ကို ရစေခြင်းသည်လည်း မိဘတိုင်းစေတနာ မေတ္တာတွေဖြစ်ပါသည်။ ထိုကဲ့သို့သော စေတနာမေတ္တာများဖြင့် ချီးမြှင့်ပေးခဲ့သော ပုသိမ်မြို့ ရေကြည် မင်္ဂလာ ကျောင်းတိုက်မှ သံဃာတော်များအားလုံး၊ သင်္ကန်းပရိက္ခရာအလှူရှင် ဘုန်းဘုန်း ၊ ညခင်းနှင့် လမင်း တို့၏ အဖွား ရဟန်းဒကာမကြီး ဒေါ်တင်တင်အေး တို့အားကျေးဇူး တင်စွာဖြင့် မှတ်တမ်းတင် ဂုဏ်ပြုပါတယ်။ ပြုပြုသမျှကုသိုလ် အဖို့ဘာဂကိုလည်း ညခင်းတို့နဲ့ ထပ်တူထပ်မျှရကြစေရန် သာဓုခေါ်ကြပါကုန်။

ညခင်း
ရွှင်လန်းချမ်းမြေ့ကြပါစေ။

Mar 18, 2010

3 အနှောင်အဖွဲ့



ဗုဒ္ဓရှင်တော်မြတ် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်၌ သတင်းသုံးတော်မူစဉ် သံဃာတော်အရှင်မြတ်တို့ သာဝတ္ထိမြို့တွင်းသို့ ဆွမ်းခံကြွတော်မူ၏။ ဆွမ်းခံကြွစဉ် သံဃာတော်များမြင်တွေ့ခဲ့ရသော မြင်ကွင်းတစ်ခုကို မြတ်စွာဘုရားအား လျှောက်ထားကြလေသည်။

မြတ်စွာဘုရား၊ ပသေနဒီ ကောသလ၏ စစ်သည်တော်တို့သည် အပြစ်ရှိသော ရာဇ၀တ်သားများအား အချို့သောသူများကို ကြိုးဖြင့်တုပ်နှောင်ထားသည်။ အချို့ကို လက်ထိပ်ခတ်ထားသည်။ သံခြေချဉ်းတို့ဖြင့် ချုပ်နှောင်ထားသည်ကို တွေ့ရပါသည် ဘုရားဟု လျှောက်ထားကြ၏။

မြတ်စွာဘုရားသည် ထိုလျောက်ထားချက် ကိုအကြောင်းပြု၍-

ချစ်သားတို့ ၊သစ်သားဖြင့် ပြုလုပ်ထားသော အချုပ်အနှောင်ကို၎င်း၊ လျှော်ကြိုးဖြင့်ပြုလုပ်ထားသော အချုပ်အနှောင်ကို ၄င်း၊ သံဖြင့်ဆောက်လုပ်ထားသော သံလှောင်အိမ်ကို ၄င်း ခိုင်မြဲသော အနှောင်အဖွဲ့ဟု ပညာရှိတို့မပြောဆိုကြကုန်။

ရွှေ၊ ငွေ၊ စိန်၊ကျောက်၊ ပတ္တမြားတို့ကို ၄င်း၊ သားသမီး ဇနီးမယားကို ၄င်း၊ အလွန်အမင်း ချစ်ခင်နှစ်သက်အပ်၏။ ငဲ့ကွက်ခြင်းလည်းရှိ၏။ အပါယ်ငရဲကို ပို့ဆောင်တတ်သော အလွန်ပင်ဖြေရခက်သော ၊ ငဲ့ကွက်သော သံယောဇဉ်ကို ရုန်းထွက်ဖို့ အလွန်ခက်သော အနှောင်အဖွဲ့ဟူ၍ ပညာရှိတို့ ဆိုကုန်၏။ (သဂါထာဝဂ္ဂသံယုတ်ပါဠိတော် ဗန္ဓနသုတ်)

မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့်အတိုင်း ပုထုဇဉ်တို့မှာ.ကိစ္စများမြောင် လူတို့ဘောင် ဟုဆိုရလောက်အောင် လူ့ဘောင် လူလောက မှာ အိမ်ထောင်ရေး ကိစ္စ၊ သားသမီးကိစ္စ၊ မြေးကိစ္စ၊ ဇနီးကိစ္စ၊ ရပ်ရွာကိစ္စ၊ ဆွေမျိုးကိစ္စ ၊စားသောက်ရေးကိစ္စ၊ နေထိုင်ရေးကိစ္စ စသော ကိစ္စများဖြင့် ရှုပ်ထွေးနေတတ်ကြသည်။ ထိုကိစ္စများ ဖြင့်ဝိုင်း၍ ရစ်ပတ်ခံနေရသဖြင့် ရှောင်၍မလွတ်၊ ရုန်း၍မရ၊ ဖြေလို့မပြေနိုင် အနှောင်အဖွဲ့ဖြင့် ချုပ်နှောင်ခံနေရသည်။

သံယောဇဉ် အနှောင်အဖွဲ့ ဟူသည်မှာ ကျားကြီး ၊ ခြေရာကြီး ကျားငယ် ခြေရာငယ် ဆိုသည့်စကားအတိုင်း စည်းစိမ် ဥစ္စာများလေ ပို၍ အနှောင်အဖွဲ့ခံရလေ၊ ထင်ရှားကျော်ကြားခြင်း၊ အခြွေရံများခြင်း သည်လည်း အနှောင်အဖွဲ့များခြင်းဖြစ်လေရာ ရုန်းထွက်ဖို့ လွန်စွာခဲယဉ်းလှပါတယ်။

ထိုကဲ့သို့အမှားကို အမှန်၊ အမှန်ကို အမှားဟု ဝေခွဲမရ၊ အ၀ိဇ္ဖာ တိမ်သလ္လာဖုံးပြီး စုံလုံးကန်းနေသော တဏှာအချုပ်ထောင်တွင် ဒုက္ခခံနေကြရသော ပုထုဇဉ်လူသားတို့ဆုတောင်းဆုယူမှားကြပုံကို ဦးပုညသည် ဆဒ္ဒန်ဆင်မင်းဝတ္ထု အစတွင်...အခုကာလ ပုထုဇဉ်တို့ကလည်း နိဗ္ဗာန်ကို လက်လွတ်၍ ၀ဋ်ကိုသာတောင့်တသည်။ ခုလူများ လက္ခဏာ၊ ဘုရားဟောဒေသနာနှင့်၊ စက္က၀ါလေသု ကွာဝေးသည့်အမှုကြောင့်....ဟု တရားမသိ၍ အမှားသံသရာလည်နေသော လောကီလူသားတို့အား အားမလို အားမရ အပြစ်တင်ထားသည်။

ဆဒ္ဒန်ဆင်မင်းဝတ္ထုတွင် အဆုံးတွင်တော့...၀ဋ်ချမ်းသာကို တဏှာလိုက်စား၊ ဆုတောင်းမှားကြလျှင်၊ နာလိုက်လား သေလိုက်လား၊ တစ်မွှားမွှားနှင့် ၊ အလျားလိုက်မျော၊ဆင်းရဲ့၍မောကြလိမ့်မည်၊ သဘောထား ကြီးကြပါစေကုန်... ဟု နှိုးဆော် သတိပေး ရေးသားခဲ့သည်။

ဒါကြောင့် သံသရာမှ လွတ်မြောက်အောင် ကြိုးစား၍ မိမိအားရစ်ပတ်လာမည့် ကိလေသာ အနှောင်အဖွဲ့ဘေးကို အမြဲမပြတ် ကြည့်ရှုရမည်။ ရုန်းထွက်နိုင်သောအခါ လွတ်အောင်ရုန်းထွက်ပြီး သူတော်ကောင်းတရားဖြင့် နေထိုင်ကြရမှာ ဖြစ်ပါတယ်။

ညခင်း

ရွှင်လန်းချမ်းမြေ့ကြပါစေ။

Mar 13, 2010

2 ဘ၀ ဆင်းရဲ၊ ချမ်းသာတာ



ဘ၀ ဆင်းရဲတာ စိတ်မကောင်းလို့


တရားအားလုံးရဲ့
ရှေ့သွားခေါင်းဆောင်ဟာ စိတ်ပါ။
တရားအားလုံးရဲ့
အကြီး အမှုးဟာ စိတ်ပါ။
တရားအားလုံးဟာ
စိတ်ကြောင့်ပဲ ပြီးစီးးရပါတယ်။
ပျက်စီးတဲ့စိတ်၊ မကောင်းတဲ့စိတ်နဲ့
ပြုမယ်၊ ပြောမယ်၊ ကြံစည်မယ်ဆိုရင်
အဲဒီ ပုဂ္ဂိုလ်ရဲ့နောက်ကို
ဆင်းရဲဒုက္ခတွေပဲ
အစဉ်တစိုက် လိုက်ကြပါလိမ်မယ်။
ဘာနဲ့ဥပမာတူသလဲဆိုရင်
လှည်းတပ်ထားတဲ့ ၀န်ဆောင်နွားရဲ့ ခြေထောက်ကို
လှည်းဘီးက အစဉ်တစိုက်လိုက်ပြီး
နှိပ်စက်နေသလိုပါပဲ။ { ဓမ္မပဒဂါထာ-၁}

ဘ၀ချမ်းသာတာ စိတ်ကောင်းလို့

တရားအားလုံးရဲ့
ရှေ့သွားခေါင်းဆောင်ဟာ စိတ်ပါ။
တရားအားလုံးရဲ့
အကြီး အမှုးဟာ စိတ်ပါ။
တရားအားလုံးဟာ
စိတ်ကြောင့်ပဲ ပြီးစီးးရပါတယ်။
ကြည်လင်တဲ့စိတ်၊ ကောင်းတဲ့စိတ်နဲ့
ပြုမယ်၊ ပြောမယ်၊ ကြံစည်မယ်ဆိုရင်
အဲဒီ ပုဂ္ဂိုလ်ရဲ့နောက်ကို
ချမ်းသာသုခတွေပဲ
အစဉ်တစိုက် လိုက်ကြပါလိမ့်မယ်။
ဘာနဲ့ဥပမာတူသလဲဆိုရင်
အရိပ်ဟာ
အရိပ်ပိုင်ရှင် အရိပ်ထွက်ပစ္စည်းရဲ့နောက်ကို
အစဉ်တစိုက် မခွဲမခွာ
လိုက်ပါနေသလိုပါပဲ။ { ဓမ္မပဒဂါထာ-၂}




ညခင်း

ရွှင်လန်းချမ်းမြေ့ကြပါစေ။

Mar 5, 2010

2 သစ်ကျုတ်ကလေး ဥပုသ်စောင့်သလို


တစ်နေ့သောအခါ သစ်ကျုတ်တစ်ကောင်ဟာ တောတောင်ထဲလှည့်လည်ပြီး အစာရှာထွက်သတဲ့။ အစာကလဲ ဘယ်လိုမှ ရှာမရဘူး။ အစာရှာလို့ မရတဲ့အဆုံးကျတော့မှ ငါဒီနေ့ ဥပုသ်စောင့်မှပဲ လို့ အဓိဋ္ဌာန်လိုက်သတဲ့။ အဓိဋ္ဌာန်ပြီး ချုံပုတ်ကောင်းကောင်း တစ်ခုအောက်သွားပြီး အိပ်လိုက်တယ်။ ဒီအခါ သိကြားမင်းကလဲ သစ်ကျုတ်ရဲ့ အကြံကို စမ်းချင်တဲ့ အကြံဖြစ်လာတယ်။ ဒါနဲ့ သမင် ယောင်ဆောင်ပြီး သစ်ကျုတ်ကလေး မြင်လောက်ရာ မလှမ်းမကမ်းက နေပြီး ပြေးလွှားနေတာပေါ့လေ။

ဒီအချိန်မှာ သစ်ကျုတ်ကလေးကလဲ ဆာလွန်းလို့ ၀မ်းကပူနေပြီ။ ၀မ်းပူနေတဲ့ အချိန်နဲ့သမင် ပြေးလွှားနေတဲ့ အချိန်တိုးလာတော့ သစ်ကျုတ်ကလေးဟာ ဟယ်...စောင့်ပြီး ထားတဲ့ အဓိဋ္ဌာန်ဥပုသ်က စောင့်ချင်လို့ စောင့်တဲ့ ဥပုသ်မှ မဟုတ်ဘဲ။ အစာဆာလို့ စောင့်ရတဲ့ ဥပုသ်ပဲ။ ယခုငါမျက်မှောက် အစာတွေ့နေမှတော့ ထလိုက်မှပဲလို့စိတ်ထဲက ကြံစည်ပြီး ...ထလိုက်ပလေရော။ သမင်လေးလဲ ပြေးတာပေါ့။ သမင်ကပြေး သစ်ကျုတ်ကလိုက်နဲ့ ပြေးတန်းလိုက်တန်းကစားသလို ဖြစ်နေတာပေါ့။ မီလုမီခင်ဖြစ်ကာမှ သမင်ကလေးက ဝေးသွားလိုက်၊ ဒီလိုချည်းဖြစ်နေတယ်။ ဖြစ်မှာပေါ့။ သမင်က သမင်တုကိုး။ ဘယ်သစ်ကျုတ်လိုက်လို့မီပါ့မလဲ။ ဒါနဲ့ မမီတဲ့ အဆုံးကျတော့ လက်မှိုင်ချသွားပါတယ်။ နေရင်းနေရာဖြစ်တဲ့ ချုံပုတ်အောက် အသာပြန်ဝင်ပြီး ဟောဟဲ...ဟောဟဲနဲ့ ပါးစပ်က ညည်းညူလိုက်သတဲ့။ ''အောင်မယ်လေး ကံကောင်းလို့ ဥပုသ်မကျိုးတယ်" လို့ ဆိုသတဲ့။

ဗုဒ္ဓမြတ်စွာဟာ တေမိယဇာတ်တော်မှာ တေမိယ မင်းသားဖြစ်စဉ်အခါတုန်းက စကားမပြောဘူးဆိုပြီး စိတ်ကို အဓိဋ္ဌာန်ခဲ့တယ်။ အဓိဋ္ဌာန်ခဲ့တဲ့အတိုင်းလဲ မပျက်မကွက်ကျင့်တော်မူခဲ့တယ်။ကျင့်တော်မူခဲ့တဲ့အတိုင်းလဲ ပါရမီတော်တွေကပြည့်ခဲ့တယ်။ စိတ်ကို အဓိဋ္ဌာန်နဲ့လုပ်တဲ့အလုပ်ဟာ အောင်မြင်မှုပိုရှိတယ်။ အဓိဋ္ဌာန်တဲ့ နေရာမှာလဲ ခိုင်ခိုင်မြဲမြဲ စိတ်ကို ဆောက်တည် ထားရမှာဖြစ်ပါတယ်။သစ်ကျုတ်လေး ဥပုသ်စောင့်သလိုတော့.........

ရွှင်လန်းချမ်းမြေ့ကြပါစေ။
ညခင်း


Mar 3, 2010

2 ခိုနားမိတဲ့အရိပ်


ခိုနားမိတဲ့အရိပ် ပိုစ့်လေးအား ဘုန်းဘုန်း မော်ကွန်းသစ် ဆိုဒ်မှ ကူးယူဖော်ပြပါသည်။

ဟိုနှစ်ပေါင်း များစွာက အရိပ်တစ်ခုကို ကြုံကြိုက်လို့  နားခိုမိရင်း အရိပ်စစ်တွေ့ သွားတဲ ရှင်ပုဏ္ဏတစ်ယောက် အကြောင်းလေးကြားဖူးလား။ ပြောပြချင်လို့ ။ အကုန်တော့ မပြောတော့ဘူး။ ရှည်သွားရင် မဖတ်ဖြစ်ဘဲ နေမှာစိုးလို့ ။

အစကတော့ သူလည်းပဲ လောကရဲ့ အပူမီးတွေကို ရင်မှာပိုက်လျက်ပါပဲ။ ပျော်စရာနဲ့ တွေ့ ရင်လည်း ဘာရမလဲ ပျော်လိုက်တာပါပဲ။ ငိုစရာရှိရင်လည်း ငိုတတ်တဲ့ အကျင့်သူ့ မှာ ရှိတုန်းပဲ။ သူ့ ကို အလိုမကျလို့ သွားဆဲရင်လည်း သူနာနေတုန်းပါပဲ။ ချီးမွှမ်းတာမျိုး၊ မြှောက်ပြောတာမျိုးလည်း မယုံရင် သွားလုပ်ကြည့်။ သူ အမြောက်ကြီး မြောက်နေဦးမှာပါပဲ။ ဆိုလိုတာက သူ့ အသည်းမှာ ပျော်ရွှင်မှုတွေ၊ လွမ်းဆွတ်မှုတွေ၊ ကြင်နာမှုတွေ၊ နာကြည်းမှုတွေနဲ့ ပြည့်နှက်နေတုန်း။ ဒီလို အခွင့်အရေးမျိုးကြုံလာပြီဆိုရင်လည်း လောကဇာတ်ခုံပေါ်မှာ ကျရာနေရာက သရုပ် ဆောင်တုန်းပဲ။

တစ်နေ့ မှာတော့ သူဟာ အရောင်းအ၀ယ်ကိစ္စနဲ့  သာဝတ္ထိမြို့ ကို ရောက်ရှိလာခဲ့ပါတယ်။ အဲဒီအချိန်မှာ သာဝတ္ထိမြို့ သူ၊ မြို့ သားအာလုံး ဇေတ၀န်ကျောင်းကို သွားနေကြတာပါ။ ရည်ရွယ်ချက်ကတော့ ဘုရားရှင်ကို ဖူးဖို့ တဲ့။ တချို့ လည်း ဘုရားရှင်ကို ကပ်လှူဖို့ လက်ထဲမှာ ဆွမ်းအုပ်ကလေးတွေ ကိုင်လို့ ။ တချို့ ကလည်း အဖျော်ရည်၊ ဆီမီး၊ အမွှေးတိုင် စသည်ဖြင့် ကိုယ်စီကိုယ်စီ ဇေတ၀န် ဥယျာဉ်ဆီကို ချီတက်နေကြတော့တာပါ။

သာဝတ္ထိမြို့ မှာ လူတွေ ဒီလောက်ရှုပ်တာ မမြင်ဖူးတဲ့ သူ့ အတွက် ၊ အထူးအဆန်းတွေ ဖြစ်တာပေါ့လေ၊ သူတို့ ဘာလုပ်နေကြတာလဲ ဆိုတာကိုလည်း သိချင်စိတ်တွေ တဖွားဖွား ဖြစ်နေတော့တာပါ။ တခါတခါ သူ တွေးမိသေးတာက ပွဲလမ်းသဘင်များ ရှိနေလို့  ဒီလို သွားလာနေကြတာလား ပေါ့လေ။ ရှိခဲ့ရင်လည်း သူလည်း လိုက်ပျော်ဖို့ထင်ပါရဲ့။ ပျော်တတ်တဲ့ စိတ် ရှိသေးတာဆိုတော့ ပျော်စရာရှိလာရင် သူလည်း ၀င်ရောလိုက်ဘို့ ပဲနေမှာပါ။

ဒါပေမယ့် ဇေတ၀န်ကို သွားတဲ့ လူတစ်ယောက်ကို သူစပ်စု ကြည့်လိုက်တော့မှ သူ့ အထင်တွေ လွဲသွားခဲ့မှန်း နောက်မှသိပါတော့တယ်။ သူထင်ထားတာမျိုး မဟုတ်ဘဲ လောကမှာ အတုမရှိ အနိုင်းမဲ့ ဘုရားရှင်တစ်ဆူ ပွင့်မှန်း သူ သိသွားတော့တာပါ။ှ ဘုရားရှင်ပွင့်တယ်ဆိုတော့ သူ စိတ်ထဲမှာ ဘယ်လိုပျော်သွားမှန်း မသိ။ သူများတွေဖူးသလို သူလည်းပဲ နောက်ကလိုက်ဖူးချင်စိတ်တွေ တဖွားဖွား ဖြစ်သွားတော့တာပါ။ ဘုရားပွင့်ပြီဆိုပြီး ဘုရားအစစ် မဟုတ်တဲ့ ကောလဟလဘုရား အတုတွေနဲ့ လည်း သူကတွေ့ ခဲ့ ဖူးသေးတာကိုး။ ဘုရား ဟုတ်မဟုတ် သုံးသပ်ချင်တဲ့ သံသယ စိတ်တွေလည်း ပါတယ်ထင်ပါရဲ့။

သူလည်း အများနည်းတူ ဇေတ၀န်ကျောင်းတော် တရားနာ ပရိတ်သတ်တွေ အတွင်း လွတ်တဲ့နေရာလေးမှာပဲ နေရာဝင်ယူလိုက်မိပါတော့တယ် ။ သူ့ စိတ်ထဲမှာတော့ ဘုရား ဘယ်မှာလဲဆိုတာ မျက်စိကစားပြီး သူရှာလိုက်ပါတယ်။ ဓမ္မာရုံအတွင်း တရားနာ ပရိတ်သတ်တွေများသော်လည်း အသံတွေတိတ်လို့ ၊ ဆိတ်လို့ ။ချောင်းဆိုးသံ၊ လက်ချိုးသံပင် မကြားတော့ ပရိတ်သတ် ကင်းမဲ့နေတဲ့ နေရာတစ်ခုလိုပါပဲလား။

သူ တွေ့ သွားပါပြီ။ ဗုဒ္ဓါသန ဓမ္မပလ္လင်ပေါ်မှာ ပင်လုံးကျွတ်ပွင့်တဲ့ ပန်းပင်ကြီးလို့ ရုပ်အဆင်းက တင့်တင့်တယ်တယ်။ မြင်လိုက်တာနဲ့ ကြက်သီးတွေမွှေးညင်းထစရာ။ ယောက်ျားမြတ်တို့ ရဲ့ လက္ခဏာ ဘယ်လို ဘယ်ပုံဆိုတာလည်း သူအခုမှ သရုပ်ခွဲ လက်တွေ့ ကျကျ လင်းသွားဟန်တူပါရဲ့။ ဘုရားရှင်ကို မြင်လိုက်တာနဲ့  ကြည်ညိုစရာ ကောင်းတဲ့ အဖြစ်သနစ်က သူ့ နှလုံးသားမှာ ကိန်းအောင်းချေပြီ။ လွှတ်ခနဲရေရွတ် လိုက်မိတာကလည်း လောကမှာ ဘုရားရှင်မှတပါး ကိုးကွယ်ရာမရှိတဲ့။

ဝေနေယျသတ္တ၀ါတွေကို သားတော်ရာဟုလာနဲ့ မခြား ကယ်တင်တော်မူတတ်တဲ့ ဘုရားရှင်ရဲ့ နှလုံး အစုံကိုလည်း မြင်လိုက်တာနဲ့ သံသယမရှိ သူ ထိထိမိမိ သိသွားတော့တာပါ။ ဘုရားရှင်ရဲ့ ကရ၀ိတ်သံ၊ ကြိုးကြားသံနှယ် နာပျော်ဖွယ်ကောင်းတဲ့ ဓမ္မအသံတော်ကလည်း သူ့ အတွက် ပိုလင်းလက်သွားစေခဲ့ပါတယ်။ ဘုရားရှင် ထိထိမိမိဟောတော်မူလိုက်တဲ့ တရားတော်ကလည်း ဒီလို….ဒီလို…ထိသွားရပေမပေါ့။

“သတ္တ၀ါအားလုံးဟာ သံသရာခရီးသွားတွေပဲ။ ခရီးသည်ထုံးစံအတိုင်း ဟိုဘ၀ရောက်လိုက်၊ ဒီဘ၀ရောက်လိုက်၊ ကောင်းတဲ့ ဘုံရောက်လိုက်၊ မကောင်းတဲ့ ဘုံရောက်လိုက်နဲ့  မရပ်မနား တရစပ် ခရီးသွားနေရတာပါ။ မသိမိုက်မဲမှုတွေ၊ လိုချင်မှုတပ်မက်မှုတွေ ရှိနေသေးသမျှ လူဖြစ်လိုက်၊ နတ်ဖြစ်လိုက်၊ ဗြဟ္မာဖြစ်လိုက်၊ တိရိစ္ဆာန်ဖြစ်လိုက်နဲ့  သံသရာစက်ကြီးထဲ လည်နေကြတာပါပဲ။ ဒီသံသရာစက်ကြီး အလည်ရပ်ချင်ရင်တော့ မြင့်မြတ်တဲ့ ပါရမီတွေ ကြိုးစားအားထုတ်ခြင်းနဲ့  အဆင့်မြင့် အရဟတ္တမဂ်၊ အရဟတ္တဖိုလ်တွေရအောင်လုပ်ပြီး ရပ်ကြပေရော…။
ရွှေတွေ၊ ငွေတွေ၊ တိုက်တာ ခြံမြေတွေ ဟာလည်း ကိုယ်ပိုင် ပစ္စည်းမဟုတ်ဘူး။ သေရင် ဘယ်သူမှ ယူသွားလို့ မရဘူး။ ယူသွားလို့ ရနိုင်တာက ကိုယ်ပိုင် ဒါနကောင်းမှု ၊ သီလကောင်းမှုတွေပဲ။ အဲတော့ ကိုယ်ပိုင်မဟုတ်တဲ့ ဟာတွေကို ကိုယ်ပိုင် ပစ္စည်းဖြစ်အောင် ပြောင်းလဲပစ်နိုင်ဖို့ ပဲ။

လူ့ စည်စိမ်၊ နတ်စည်းစိမ်ဆိုတာလည်း ဥပမာပြောရရင် အသားမကပ်တဲ့ အရိုးခြောက်ကို ကိုက်နေတဲ့ ခွေးနဲ့ တူတယ်။ ခွေးတွေဟာ အသားမရှိတဲ့ အရိုးမှန်း သိသော်လည်း အဲဒီ အရိုးကို တကျွတ်ကျွတ်မြည်အောင် ကိုက်နေတယ်။ ကိုက်ရင်း၊ ကိုက်ရင်းနဲ့ ကြာလာတော့ သွားရည်ကြောင့် အရိုးတွေ နူးလာတယ်။ အဲဒီအချိန်မှာ အသားနံ့ လေး နဲနဲ ထွက်လာတယ်။ အသားစိုင် ဖြစ်လာနိုး ကိုက်ရင်းနဲ့ ပဲ ကြာလာတော့ အောက်သွားတွေ ကြွေကုန်တယ်။ သွားတွေနာလာတော့ စိတ်မော၊ ကိုယ်မော ပင်ပန်းစွာနဲ့ ပဲ ကောက်ရိုးပုံပေါ် ခဏနားလိုက်တယ်။ အမောပြေတော့ အရိုး ကို တစ်ခါထပ်ကိုက်ပြန်တယ်။ တကယ့်အနှစ် အရသာထူးမရှိတဲ့ အရိုးကို ထပ်တလဲလဲ ကိုက်နေတဲ့ ခွေးလိုပဲ သတ္တ၀ါတွေဟာ ကာမဂုဏ်ကို ခင်မင် တွယ်ဖက်နေကြတယ်။ အချည်းနည်းဖြစ်တဲ့ အကာတွေရဲ့ နောက်ကိုပဲ လိုက်ပြီးရင်း လိုက်နေကြတယ်”တဲ့။
ဘုရားရှင်ဟောတော်မူလိုက်တဲ့ တရားက သူ့ ရဲ့ စိတ်တွေကို ပြောင်းလဲ စေတော့တာပါ။ သူ့ ရဲ့ စိတ်ထဲမှာလည်း ဘုရားရှင်ရဲ့ သဘာဝကျကျ တရားတော်တွေကို ဥာဏ်နဲ့ ထပ်တလဲလဲ သုံးသပ်မိနေပါတော့တယ်။ သူ့ လုပ်နေတဲ့ အလုပ်တွေဟာ ဘုရားရှင် ဥပမာပေးတဲ့ ခွေးနဲ့ တူတယ်လို့ ယူဆလိုက်တာ ရယ်ကြောင့် ဘုရားရှင်ကို သာသနာတော်ထဲ ၀င်ပြီး ရဟန်းဝတ်ဖို့ ခွင့်တောင်း လိုက်ပါတော့တယ်။ သူ့ရဲ့ဆန္ဒကို ဘုရားရှင် ခွင့်ပြုတာရယ်မို့  သံသရာစက် အလည်ရပ်တဲ့နည်းလမ်း ကောင်းတွေကို သင့်လျော်ရာ အရိပ်မှာ နားခိုရင်း ကြိုးစားအားထုတ်လိုက်တော့တာပါ။

လောကမှာ အရိပ်တွေ အမျိုးမျိုးရှိပါတယ်။ အဲဒီအရိပ်တွေထဲမှာ ကိုယ့်ကို အေးချမ်းမှုအပေးနိုင်ဆုံး အရိပ်ကို ရွေးချယ်ပြီး နားခိုတက်ဖို့ လိုပါတယ်။ ရှင်ပုဏ္ဏလို မိမိအတွက် တကယ့်နားခိုးစရာ ဖြစ်တဲ့ ဓမ္မအရိပ်စစ်ကိုသာ ကိုယ်တိုင်ကိုယ်ကျ ကိုယ်လှုံတက်ဖို့ ပဲ ကြိုးစားအားထုတ်ကြပေရော…………။

ရွှင်လန်းချမ်းမြေ့ကြပါစေ။
ညခင်း


Feb 25, 2010

2 ခုနှစ်ပါး ဥစ္စာနှင့် လားရာဂတိ

ရာဇဂြိုလ်ပြည်တွင် သုပ္ပဗုဒ္ဓ ဆိုသည့် အရေပြားရောဂါသည် သည်အတိတ်က မကောင်းမှု တစ်ခုကြောင့် နူနာရောဂါ ခံစားရကာ သူများတကာပေးကမ်း စွန့်ကြဲမှု ကို ငံ့လင့်ကာ မှီခိုစားသောက်နေထိုင်ရသူ ဖြစ်သည်။ သို့သော် ဘုရားရှင်ဟောကြားတော် မူသော တရားတော်တွေကို နာကြားခဲ့ရဖူးပြီး သူ၏ နှလုံးသား၌ စူးစူးနစ်နစ် စွဲဝင်ပြီး မြတ်နိုးစွာ တည်ထားသူဖြစ်၏။

ဘုရားရှင် ၏တရားတော်များကို ပရိသတ်အစွန်အဖျားခပ်ဝေးဝေးဆီက နာကြားခဲ့ရ သော်လည်း တရားတော်ကိုနာယူရာ၌ အစဉ်အမြဲနိုးကြားနေသော စိတ်ကြောင့် သုပ္ပဗုဒ္ဓလူနူသည် သောတပတ္တိဖိုလ်သို့ပင် ဆိုက်ရောက်ခဲ့ရလေသည်။ တရားတော်ကို နာယူရ၍ မိမိရအပ်သော ဂုဏ်ကျေးဇူးတွေကို ဘုရားရှင်ထံ လျောက်ထားလိုလာ၏။ ထိုအခါ လူ့လောက၌ ကုသိုလ် နှင့်ပတ်သက်၍ အံ့သြဖွယ်၊ ထူးခြားဖွယ်ဖြစ်စရာ ရှိတိုင်း သိကြားမင်း ၏ ဗိမာန်သည် တုန်လှုပ်သွားစမြဲ ဖြစ်ရာ ဘုံဗိမာန် လှုပ်ခါသွား၏။ မြတ်စွာဘုရားရဲ့သာသနာ တော်မှာ ရအပ်တဲ့ ဂုဏ်ကျေးဇူးတွေကို သုပ္ပဗုဒ္ဓ လျှောက်ထားလိုလာတာပါလား သေချာအောင်လို့သူကို တော့ စစ်ဆေးဦးမှ ဖြစ်မှာ ပါဟု သိကြားမင်း အကြံဖြစ်ပြီး….

အို…သုပ္ပဗုဒ္ဓ၊ သင်ဟာ လူလောကထဲမှာ ဆင်းရဲတွင်းနက် လှတဲ့ ၊ ဒုက္ခိတသတ္တ၀ါ တစ်ခုပါပဲ၊ သူများတွေထံမှာ လက်ဖြန့်တောင်းခံပြီးမှ စားသောက်ရတဲ့ ဘ၀နဲ့ အထီးကျန်ဆန် နေသူလည်းဖြစ်တယ်။ ငါ့သင်ကို ကရုဏာဖြစ်လို့ အပိုင်း အခြား အဆုံးအစ မရှိတဲ့ ပစ္စည်းဥစ္စာကို ပေးမယ်။ (သိကြားမင်းက စကားကို ခဏရပ်တန့်လိုက်တယ်။) အံ့သြခြင်း အမူအရာ မရှိ ၊ သိကြားမင်းကို ရှုတည်တည်ကြည့်ပါတယ်။ ဒါပေမဲ့ သိကြားမင်းက သူ့ထက်အလျင်ဦးစွာ စကားကိုဆက်ပြောပါတယ်။

ဒါပေမယ့် သင်က ကတိတစ်ခုတော့ပေးရမယ်။ ဘာလဲဆိုရင် သင်အခုသိခဲ့တဲ့ ဘုရားဟာ ဘုရားမဟုတ်ဘူး၊ တရားဟာ တရားမဟုတ်ဘူး၊ သံဃာ ဟာ သံဃာမဟုတ်ဘူး ဆိုတာရယ်၊ ငါ့အတွက်တော့ ဘုရားဟာ အကျိုးမရှိဘူး၊ တရားဟာ အကျိုးမရှိဘူး၊ သံဃာဟာ အကျိုးမရှိဘူး ဆိုတာကို လက်ခံထားပေးဖို့၊ ပြီးတော့လက်ခံထားတဲ့အတိုင်း ကြုံရာနေရာတိုင်းမှာ ပြောဆိုနေဖို့ပါပဲ။ အဲဒီလိုဆိုရင် သင့်အတွက် သုံးမကုန်တဲ့ ပစ္စည်းဥစ္စာတွေ အခုချက်ချင်းရစေမယ်။

သုပ္ပဗုဒ္ဓ၏ အကြည့်တွေက ခက်ထန်မာကျောသော စူးစူးရှရှ အသွင်ပြောင်းသွားပြီး တင်းမာပြတ်သားသော အသံဖြင့် သိကြားမင်းအား မေးပါတယ်။ အခုလိုလာပြောနေတာ သင်က ဘယ်သူမို့လို့လဲ….။

ငါလား …ငါကသိကြာမင်းပဲ သုပ္ပဗုဒ္ဓ

သုပ္ပဗုဒက ခေါင်းကိုညိတ်ရင်း သင်က သိကြာမင်းတဲ့လား၊ အေးလေ သင်က သိကြားမင်းဆိုရင်လည်း မိုက်မဲလွန်း၊ အရှက်ကင်းပလွန်း၊ မကောင်းမှုနဲ့ ပြည့်စုံနေမယ့် သိကြားမင်းပဲဖြစ်လိမ့်မယ်။ ဒီတော့ သင်နဲ့ငါဟာ စကားပြောဖို့တောင် ဘယ်လိုမျှ မလျောက်ပတ်တာအမှန်ပဲ…။ သင်က ငါ့ကို မကောင်းရာ ဘ၀ရှိတဲ့သူ၊ သူဆင်းရဲ၊ အထီးကျန်ဆိုပြီး စွပ်စွဲတယ်လေ။ တကယ်တော့ ငါဟာ မကောင်းတဲ့ဘ၀ရှိသူ မဟုတ်ဘူး၊ လူဆင်းရဲလည်းမဟုတ် အထီးမကျန်ဘူး၊ ငါဟာ ချမ်းသာခြင်းကို ရောက်နေတဲ့သူ။ ပစ္စည်းဥစ္စာတွေ ကြွယ်ဝတဲ့သူဖြစ်နေလို့ပဲ။

သင့်စကားအရာက ငါ့အခု တွေ့မြင်နေရတာနဲ့ တခြားစီဖြစ်နေပါလား။

ဒါကြောင့်သင်သိကြားမင်းကို မိုက်မဲလွန်းလေစွလို့ ပြောရတာပဲ။ ရတနာသုံးပါး ကံကံရဲ့အကျိုးကို ယုံကြည်ခြင်း လက္ခဏာရှိတဲ့ သဒ္ဓါ ဥစ္စာ၊ စာရိတ္တ ၀ါရိတ္တဖြစ်တဲ့ သီလ ဥစ္စာ၊ မကောင်းမှု ကို ရှက်တတ်ခြင်းရှိတဲ့ ဟိရိ ဥစ္စာမကောင်းမှုကို ထိတ်လန့်ခြင်း လက္ခဏာရှိတဲ့ သြတ္တပ္ပ ဥစ္စာ၊ သူတော်ကောင်းတရားတွေကို အကြားအမြင်များတယ်ဆိုတဲ့ သုတ ဥစ္စာ ချီးမြှောက်ပေးကမ်းစွန့်ကြဲခြင်းဖြစ်တဲ့ စာဂ ဥစ္စာ ယထာဘူတသဘာဝကို သိနိုင်စွမ်းတဲ့ပညာဥစ္စာ တွေဟာ ယောကျာ်း၊ မိန်းမတွေမှာ ရှိတတ်ကြတယ်။ အဲဒီ တရားတွေ နဲ့ပြည့်စုံနေတဲ့ ယောကျာ်း၊ မိန်းမကို မဆင်းရဲတဲ့သူ၊ များစွာသော ဥစ္စာရှိတဲ့သူလို့ ဘုရားအစရှိတဲ့ ပညာရှိတွေက မိန့်ဆိုတော်မူကြတယ်။

အဲဒီ သူတော်ကောင်းတစ်ရား ၇ပါးနဲ့ ပြည့်စုံတဲ့ ယောက်ျား၊ မိန်းမတွေရဲ့ အသက်ရှည်ခြင်းဟာ လည်း အချည်းအနှီးမဟုတ်ဘဲ အကျိုးရှိတဲ့ အသက်ရှည်ခြင်း လို့ မိန့်ဆိုတော်မူကြသေး တယ်။ ဒီမှာ သိကြားမင်း၊ အဲဒီ သူတော်ကောင်း ဥစ္စာတွေဟာ ငါ့ သန္တာန်မှာ ထင်ရှားရှိတယ်။ ဒါ့ကြောင့် ငါဟာ သူဆင်းရဲမဟုတ်ဘူး၊ အထီးကျန်သူမဟုတ်ဘူး၊ ဥစ္စာများစွာရှိတဲ့သူပဲ ဖြစ်တယ် သိကြားမင်း

သုပ္ပဗုဒ္ဓ၏ တုံပြန်ပြောဆိုမှုကို သိကြားမင်းက လွန်စွာနှစ်သက် သဘောကျသွား၏။ ရတနာ သုံးပါးကို မကြည်ညိုစေနိုင်ရန် ဥစ္စာဓနဖြင့် ဖြားယောင်း၍ မရမှန်းသိသွား၏။သုပ္ပဗုဒ္ဓ အနားမှ ကိုယ်ရောင် ဖျောက်ပြီးနောက် ဘုရားရှင်ထံ သိကြားမင်းရောက်ရှိလာ၏။ ထို့နောက် သုပ္ပဗုဒ္ဓနှင့် သိကြားမင်းတို့ အပြန်အလှန်ပြောစကားများကို ဘုရားရှင်အားလျောက်ထားရာ…

ဒကာတော် သိကြားမင်း သင်လိုမျိုး သိကြားမင်း ရာထောင် ပေါင်းများစွာက သုပ္ပဗုဒ္ဓ ဆီကိုသွားပြီး စည်းစိမ်ဥစ္စာတွေနဲ့ဘယ်လိုပဲ သွေးဆောင်ပြောပြော သင်တို့ စွမ်းနိုင်ကြမည်မဟုတ်။ သဒ္ဓါတရား၏ အံ့ဖွယ်သတ္တိကို တန်ခိုးအရာ၌ ဖန်ဆင်းနိုင်သော နတ်၊ သိကြားများပင် ဖျက်ဆီးရန် မစွမ်းသာပေ။ သိကြားမင်းလည်း ဘုရားရှင်ရှေ့မှ ခွင့်ပန်ရှိခိုးကာ ဗိမာန်သို ပြန်လာခဲ့လေ၏။

သုပ္ပဗုဒ္ဓ မှာ ဝေဠုဝန်ကျောင်းတော်သို့ သွားပြီးဘုရားရှင်ကို ရှိခိုးဝတ်ဖြည့်ပြီး မိမိရရှိခဲ့သော တရားဂုဏ်တော်ကျေးဇူးများကို ၀မ်းမြောက်ရွှင်လန်းစွာ လျှောက်ထားလေ၏။ ဘုရားရှင်က သူ့ကို သာဓုခေါ်ဆိုကာ ချီးမြောက်၏။ ကျောင်းတော်မှ အပြန်တွင် သူ့ကို ပျိုမျစ်သော နွားမတစ်ကောင်က ဝှေ့သတ်လိုက်လေသည်။ သုပ္ပဗုဒ္ဓအား နွားမဝှေ့သတ်ခြင်းကို အချိန်ပိုင်းအတွင်းမှာပင် ရဟန်းများသိသွားကြသည်။ မိမိပြုခဲ့မိသောကံ တို့သည် ကုသိုလ်ဖြစ်စေ၊ အကုသိုလ်ဖြစ်စေ ပျောက်ပျက်ရိုးထုံးစံမရှိ၊ မျက်မှောက်ဘ၀၌ ပင် အကျိုးပေးခွင့် မရ ခဲ့သော် ကာလခြားချင်ခြားမည် ဘ၀ခြားချင်ခြားမည် အချိန်ခြားချင်ခြားမည် ကံတို့၏ အကျိုးတရားက မည်သူတို့မျှ ရှောင်လွဲမရချေ

စင်စစ်သော်ကား သုပ္ပဗုဒ္ဓကို ဝှေ့သတ်လိုက်သော နွားမသည် ရိုးရိုးနွားမ မဟုတ် တစ်ယောက်သော ဘီလူးမသည် ပုက္ကုသာတိမင်း၊ အရှင် ဗာဟိယဒါရုစီရိယ၊ ခိုးဆိုးသတ်သမား တမ္ဗာဒါဌိက နှင့် သုပ္ပဗုဒ္ဓလူနူ ထို၎ ဦးစလုံး၏ ဘ၀ တစ်ရာစီတိုင်အောင် နွားမယောင်ဆောင်၍ သတ်ခဲ့ခြင်းဖြစ်၏။

ထိုလေးယောက်တို့သည် ဝေးကွားသော ရှေးကာလတစ်ခုဆီက သူဌေးသားများ ဖြစ်ခဲ့ကြ၏။ထိုအချိန်က ပြည်တန်ဆာမ ကို ဥယျာဉ်ဆီခေါ်ဆောင်ပြီး စည်းစိမ်ချမ်းသာ ခံစားမွေ့လျော်ပြီး အသပြာကို မပေးလိုကြတောပေ။ ထို့အပြင်ပြည်တန်ဆာမ ၏ အဆင်ရတနာများကို ပါ တက်မက်လာ၏။ ထိုအကြံကို သိ၍ မိမိနှင့်ပျော်ပါးပြီးမှာ မိမိကိုသတ်၍ မပြုသင့်သော အကြံကို သူတို့ကြံရက်လေခြင်းဟု ၀မ်းနည်းကာ တိုင်တည် ဆုတောင်းလေသည်။ အကျွန်ုပ်ကို သတ်ပါက အကျွန်ုပ်ဟာ ဘ၀ တစ်ခုမှာ ဘီလူးမဖြစ်ပြီး သူတို့ကို အကြိမ်များစွာ ပြန်လည်သတ်စွမ်းနိုင်သူဖြစ်ရလိုပါတယ်။ အကုသိုလ်သည် တစ်ကြိမ်သာရှိခဲ့သော်လည်း တန်ပြန်အကျိုးခံစားရမှုက ဘ၀တစ်ရာစီ တိုင်အောင်ဖြစ်ခဲ့ရလေ သည်။

ဆက်လက်ပြီး ရဟန်းများက သုပ္ပဗုဒ္ဓ နူနာစွဲကပ်ရခြင်းကို ဘုရားရှင်အား မေးမြန်း လျောက်ထားပြန်ရာ…

သောတာပတ္တိဖိုလ် သို့ ဆိုက်ရောက်ခဲ့သော သုပ္ပဗုဒ္ဓ၏ လားရာသည် တာဝတိံ သာနတ်ပြည်ဖြစ်ကြောင်း မိန့်တော်မူ၏။ ထို့နောက်သုပ္ပဗုဒ္ဓ သည် ဘ၀ဟောင်း တစ်ခုတွင် တဂရသိခီအမည်ရှိ ပစ္စေက ဗုဒ္ဓါကို တွေ့မြင်ရပြီး တံတွေးထွေးးကာ မရိုသေ သော ပြစ်မှားမှုကြောင့် ကာလကြည်ရှည်စွာ ငရဲ၌ ကျက်ခဲ့ရဖူး၏။ ထိုမှ လွန်သော်လည်း ကံ အကျိုး၏ အကြွင်းအကျန်အစွမ်းကြောင့် ယခုဘ၀၌ နူနာစွဲကပ်ရကြောင်းဆက်လက် မိန့်တော်မူလေသည်။

သံသရာခရီးကို လျှောက်လှမ်းကြရာမှာ ကိုယ်စီ ဘ၀အသီးသီးရကြအခါမှာ မျက်မှောက်ဘ၀၍ ခံစားရသော အကောင်းအဆိုး အကျိုးတရားများသည် အတိတ်ဘ၀များဆီမှ ပြုမှုဆောင်ရွက်ခဲ့သော ကံသုံးပါးတို့ ၏ အကြောင်းတရားများပါဝင် ပတ်သက်သင့် သလောက် ပါဝင်နေလေသည်။ တဖန် ယခုဘ၀၌ ပြုမှုဆောင်ရွက် သည့် ကံအကြောင်းတို့က အနာဂတ်ဘ၀ကို ထပ်မံပုံဖော်ပေးမည့် အကျိုးတရားတို့သာဖြစ်ကြောင်း….သုပ္ပဗုဒ္ဓ ဇတ်လမ်းလေးက ဥပမာ ပုံဆောင်နေပါတယ်။ ထို့ကြောင့် သူတော်ကောင်းတရားများ လိုက်နာ ကျင့်သုံး နိုင်ကြပါစေ၊ ကျင့်သုံးကြပါစို့လို့တိုက်တွန်းလိုက်ရပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။
ညခင်း

Feb 20, 2010

1 သီတဂူဆရာတော်ကြီး၏ မွေးနေမင်္ဂလာ ဂုဏ်ပြုချီးကျူး ပူဇော်လွှာ။



သီတဂူဆရာတော်ကြီး၏ မွေးနေ့ မင်္ဂလာ ဂုဏ်ပြု ချီးကျူး ပူဇော်လွှာ။

ဗုဒ္ဓ၏ ထေရ၀ါဒ သာသနာတော် အကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်တော်မူနေသော ကျေးဇူးတော်ရှင် သီတဂူဆရာတော် အရှင်ဥာဏိဿရ ၏ ၁၃၇၁ခုနှစ် တပေါင်းလပြည့် (၂၇-၂-၂၀၁၀)နေ့တွင် သက်တော်(၇၃)နှစ်ပြည့် ၀ိဇာတ မွေးနေ့မင်္ဂလာ ၌ တပည့်တော် ရိုသေစွာ ရှိခိုး ကန်တော့လျှက် ချီးကျုး ပူဇော်ပါသည် ဘုရား………။

-သူတော်ကောင်း တစ်ယောက် ထွန်းပေါ်ပေါက် သူ့နောက်ဆွယ်ကျုံး၊ တစ်နယ်လုံးသည် ဘုန်းဆင့်လျှောက်၊ အမြင့်ရောက်၏။

-ပုဂ္ဂိုလ်တွက်ရေ၊ ရာကုဋေတွင် ၊ရှာဖွေပတ်နှောက်၊ သဒ္ဓါပေါက်သည်၊ တစ်ယောက် ရဲရဲထွက်နိုင်ခဲ၏။

-ဤ ပုဂ္ဂိုလ်ကား ၊လွန်စွာရှား၏ များပြားနေရာ မဖြစ်ပါဘဲ၊ ဖြစ်လာပြန်မူ၊ ထိုသူဖြစ်ရာ ၊ ရပ်ရွာအမျိုး၊ ချမ်းသာတိုး၏………။

ဟုသော ပညာရှိများ၏ စကားအတိုင်း သီလဂုဏ် ၊ သမာဓိဂုဏ် ၊ ပညာဂုဏ်တို့ဖြင့် ပြည့်စုံတော်မူသော သာသနာတော်အတွက် အားထားကိုးစားရာ ဖြစ်သော ဆရာတော်ဘုရားအား ဂုဏ်ပြုချီးကျူးခွင့်ရတဲ့အတွက် ရွှင်ပြုံးကြည်သာ ပီတိဖြာခဲ့ရပါသည်။ ချီးကျုးဂုဏ်ပြုလွှာ ရေးသားခွင့်ပေးသော အရှင်ကောဝိဒသိရီ (သီတဂူစတား) ပူနေး အရှင်ဘုရားအားလည်း ကျေးဇူးတင်ပါသည်။

ဆရာတော်ကြီး၏ သာသနာပြုလုပ်ငန်းစဉ်များ

အပြည်ပြည်ဆိုင် သီတဂူ ၀ိပဿနာ ကမ္မဋ္ဌာန်းဌာန (စစ်ကိုင်း) SITAGU INTERNATIONAL VIPASSANA ACADEMY (SAGAING) သီတဂူသာသနာပြုအဖွဲ့ကြီး၏ ဦးစီးပဓာနဖြစ်တော်မူသော သီတဂူဆရာတော် ဘုရားကြီးသည်.....

၁။ စစ်ကိုင်းတောင် ရေအလှူတော်စီမံကိန်း
၂။ သီတဂူအာယုဒါန ဆေးရုံတော်
၃။ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)နှင့်
၎။ သီတဂူ ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
၅။ သီတဂူ ဗုဒ္ဓတက္ကသိုလ် (မန္တလေး)
၆။ နာဂစ်အလှူတော်များနှင့် စာသင်ကျောင်း၊ ဆေးရုံအလှူတော်များ နှင့်
၇။ သီတဂူဗုဒ္ဓ၀ိဟာရ (အမေရိက) အစရှိသော ပရဟိတ စီမံကိန်းကြီးများကို ပြည်တွင်း ပြည်ပ အလှူရှင်များ၏ ထောက်ပံ့လှူဒါန်းမှုဖြင့် အောင်မြင်စွာ တည်ထောင်နိုင်ခဲ့ပြီ။ စစ်ကိုင်းတောင်သည် သမိုင်းအစဉ်အလာအရ ပရိယတ္တိ ပဋိပတ္တိ ပဋိဝေဓသာသနာ ထွန်းကားခဲ့ရာနေရာဖြစ်ပါသည်။ ယခုအခါ ထိုမြေမြတ်မဟာဝယ် အပြည်ပြည်ဆိုင်ရာ သီတဂူ ၀ိပဿနာကမ္မဋ္ဌာန်းဌာနကြီးကို အကောင်အထည် ဖော်နေပြီ ဖြစ်ကြောင်း သိရပါတယ်။

ဆရာတော်ကြီး၏ တရားများနှင့် ဆုံးမ သြ၀ါဒများ

ဆရာတော်ကြီး၏ တရားများနှင့် ဆုံးမ သြ၀ါဒများကို စတင်နာကြားခဲ့ရတာက တော့ အတွင်းမီးအပြင်မီး တရားတော် ဖြစ်ပါတယ်။ ဒုတိယအကြိမ်နာကြားခဲ့ရတာကတော့ ၃၈ဖြာမင်္ဂလာနှင့် ပတ်သက်တဲ့ တရားခွေဖြစ်ပါတယ်။ ၃၈ဖြာမင်္ဂလာ နဲ့ပတ်သက်ပြီး ဆရာတော်ကြီးဟောကြားထားတာ ၉၆ခွေရှိပါတယ်။ နားကြားနိုင်အောင် သတင်းကောင်းပါးတာပါ။ နာကြားခဲ့ရသမျှထဲမှ အလျဉ်းသင့်တုန်း ပြန်လည်ဖြန့် ဝေရရင်ဖြင့်….

အတ္တသမ္မာပဏိဓိစ မင်္ဂလာနဲ့ ပတ်သက်လို့ ဟောကြားရာမှာ- မစ္ဆရိယ တရားနဲ့ ပတ်သက်ပြီး အသေးစိတ်ရှင်းထားပါတယ်။ နေ့စဉ်လူမှုဘ၀ အထွေထွေမှာ ရှင်သန်နေရစဉ် လူအမျိုးမျိုးအဖုံး တွေ့ကြုံဆက်ဆံနေရ တဲ့ ကျမတို့အဖို့ အလွန်တန်ဖိုးရှိတဲ့ အဆုံးအမတွေပါ။

မစ္ဆရိယတရား ၅ပါး ရှိပါတယ်။
အာဝါသ မစ္ဆရိယ - နေရာထိုင်ခင်းကို ၀န်တိုခြင်း။
လာဘ်မစ္ဆရိယ - အစားအသောက်၊ အ၀တ်အထည်၊ ပစ္စည်း ဥစ္စာကို ၀န်တိုခြင်း။
ဝဏ္ဏ မစ္ဆရိယ - ရုပ်ဆင်းနဲ့ ကျော်စောသတင်းကို ၀န်တိုခြင်း။
ဓမ္မမစ္ဆရိယ - အသိပညာကို ၀န်တိုခြင်း။

ဝန်တိုခြင်း ၅မျိုးကြောင့်ရလာမယ့် ဆိုးကျိုးတွေကလည်း အလွန်ဆိုးဝါးပါတယ်။ နေစရာ ထိုင်စရာမရှိ၊ စားစရာ ၀တ်စရာရှားပါးပြီး၊ အခြွေအရံနဲသူတွေဟာ မစ္ဆရိယစိတ်နဲ့ အဲဒီစိတ်ကြောင့်မှားမိတဲ့ အမှားများရဲ့ ဆိုးကျိုးတွေဖြစ်ပါတယ်။

ဆရာတော်ဘုရားက ထို မစ္ဆရိယစိတ်ကို ပယ်သတ်နိုင်ဖို့ကိုလည်း နည်းလမ်းများ ပေးထားပါတယ်။ စာဂ ဆိုတဲ့ စွန့်ကြဲပေးကမ်းလ စိတ်၊ လှူဒါန်းပေးကမ်းလိုသော စိတ်ကို မွေးမြူရမယ်။ အမှားကိုပယ်ပြီး အမှန်ကို ဆောင်ရွက်နိုင်ဖို့ရာ မိမိကိုယ်ကိုယ် ဆောက်တည်တဲ့စိတ် မွေးမြူ ပေးရမယ်လို့ ဆိုပါတယ်။

မိမိကိုယ်ကို ဆောက်တည်နိုင်ဖို့ရာ သင့်တင့်လျောက်ပတ်သော ဒေသမှာ နေရပါ့မယ်။ ပညာရှိသူတော်ကောင်းများကို ဆည်းကပ်ရပါ့မယ်။ ပညာရှိသူတော်ကောင်းများရဲ့ ဟောပြောဆုံးမ မှုများကို နာယူမှတ်သား ကျင့်ကြံရပါမယ်။

အဲသည်လို ကျင့်ကြံဖို့ ကတော့ မိမိကိုယ်ကို သတိနဲ့ထိန်းပြီး ဆောင်ရွက်နိုင်မှ ဖြစ်နိုင်ပါ့မယ်။ ကိုယ် နှုတ် စိတ် ၃ ပါးစလုံးကို ကောင်းစွာ ဆောက်တည်ထားပြီး သီလ၊ သမာဓိ၊ ပညာ၊ စာဂ စတဲ့ ကုသိုလ်မှုများနဲ့ ပြည့်ဝအောင်ကြိုးစားရမယ်။ အဲဒီလိုကြိုးစားခြင်းအားဖြင့် အင်မတန် ကြောက်စရာကောင်းတဲ့ မစ္ဆရိယစိတ်ထား များ မပေါ်ပေါက်အောင် တားဆီးနိုင်မယ် ဖြစ်တယ် လို့ ဟောကြားထားပါတယ်။

လူ့ဘ၀ဆိုတာ ရခဲဘိခြင်း လို့ဆိုပေမယ့် လူဖြစ်ရုံလောက်သာ ဖြစ်ပြီး လူ့ဘ၀ဟာ ဒုက္ခဘုံပါပဲလို့ သိရုံလောက်သိ ပြီး ကုသိုလ်၊ အကုသိုလ် မှန်းမသိ သေဆုံးကြရင် သံသရာ ကြောမှာ မျောနေတတ်တဲ့ သူတွေကိုလည်း တွေ့ကြရတာပဲ။ ကိုယ်လည်း အသိတရားလက်ကိုင်မထား ရင် အဲဒီလူတွေထဲက လူတစ်ယောက်ဖြစ်သွားမှာပါဘဲ။ အဲဒီလို အမှာကြီးမှား သတိလက်လွတ် မကြုံရအောင် မိမိကိုယ်ကို ကောင်းစွာ ဆောက်တည်ရပါမယ်။

ဆရာတော်ကြီး၏ အလွန်ပြည့်စုံစွာ ဟောပြောဆုံးမ ၊နည်းပြမှုများ အတိုင်း ကျင့်ကြံအားထုတ်ကာ မိမိတို့ မကောင်းတဲ့ အတွေးအကြံနဲ့ အကျင့်များဖြစ်ပေါ်တော့မယ် ဆိုရင် သတိထားနိုင်ပြီး ရှောင်ကြဉ်နိုင်ကြမယ်ဖြစ်ပါတယ်။

သူတော်ဆည်းကပ် ၊မြတ်တရားနာ
လွန်စွာအားထုတ်၊ နာမ်နှင့် ရုပ်ကို
ဖြစ်ချုပ် ဥာဏ်မြင်၊ ဤငါးအင်
မှန်ပင်မဂ်ရကြောင်း။

သူတော်ကောင်းတို့၏ ရနံ့သည် ပိတ်ပင်တားဆီး၍မရ အရပ်ဆယ်မျက်နှာလုံး ရနံ့လှိုင်၏ အရောင်အပြည့် သာနေသော လမင်းသည် ကောင်းကင်၌ တင့်တယ်သကဲ့သို့ သာသနာ အင်ကြင်းတော၌ ဆရာတော် အရှင်မြတ်၏ ဘုန်းကျက်သရေတို့သည် ထွန်းလင်းတောက်ပ လျှက်ရှိ၏။

ဘုန်းကျက်သရေဆိုသည်မှာ- အသိပညာ အရင်းခံ၍ လုံ့လကြီးစွာဖြင့် ကောင်းကျိုးရအောင် ဆောင်ရွက် နေသူ၏ နောက်သို့သာ အရိပ်ပမာ ထပ်ကြပ်မကွာ လိုက်ပါနေမြဲဖြစ်သည်။

ပူဇော်ထိုက်သူများကို ပူဇော်ခြင်းသည် ကောင်းမြတ်သော မင်္ဂလာမည်ပါ၏ ဟူသော တရားတော်နှင့် အညီ အရိုအသေ အလေးအမြတ်ပြု၍ ပူဇော်ထိုက်သူ မှီဝဲ ဆည်းကပ်ထိုက်သူ ……… အရှင်သူမြတ်အား ကြည်ညို သဒ္ဓါပွားများစွာဖြင့် ပူဇော်ကန်တော့လိုက်ပါသည် ဘုရား…။

ညခင်း


လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။