Jul 10, 2009

4 လူ့အဖြစ်ကိုရဖို့ တကယ်မလွယ်

အပါယ်လေးပါးသို့ ကျရောက်သွားသော လူမိုက်တစ်ယောက် လူ့ဘ၀ပြန်ရဖို့မှာ မဖြစ်နိုင်ဟု ဆိုရ လောက်အောင် အခွင့်အရေး နည်းပါးလှသည်။ ထို့ကြောင့် ကိစ္ဆော မနုဿပဋိလာဘော = လူ့အဖြစ်ကိုရဖို့ တကယ်မလွယ် ဟု မြတ်စွာဘုရားက ဟောတော် မူခဲ့ ခြင်းဖြစ်သည်။
ကိစ္ဆော မနုဿပဋိလာဘော အစချီသော ဒေသနာတော်ကို ဧရကပတ္တနဂါးမင်းကြီး ကို အကြောင်းပြု၍ ဟောတော်မူခြင်းဖြစ်သည်။

ဧရကပတ္တနဂါးမင်းကြီး ဆိုသည်မှာ ကဿပမြတ်စွာဘုရား လက်ထက်တော်က တောရဆောက်တည်၍ အနှစ်နှစ်သောင်းတိုင် ရဟန်းတရား အားထုတ်ခဲ့သော မထေရ်ကြီးဖြစ်သည်။ ဤမျှကြာအောင် ရဟန်းတရား အားထုတ်ပါလျက် တရားထူးမရပဲ အပါယ်သို့လားရသည်မှာ ငယ်စဉ်က လှေဖြင့် ခရီးသွားရင်း ကမ်းနား၌ ပေါက်လျက်ရှိသည် ပြိတ်မြက်ရွက်ကို ဆွဲဖြတ်မိသည့် ပါစိတ်အာပတ်အပေါ် စွဲလမ်းမှုကြောင့် နဂါး ဟူသော တိရိစ္ဆာန်ဘ၀သို့ ရောက်ရခြင်းဖြစ်လေသည်။ (မြက်ကိုဖြတ်မိသည့်အတွက် တိရစ္ဆာန်ဖြစ်ရခြင်းမဟုတ်ပါ၊ အပြစ်အပေါ် စွဲလမ်းမှု၊ ငါဖြင့် ဒေသနာမကြားရသေးဘူး ငါ အာပတ်တန်းလန်းနဲ့ သေရတော့မယ်ဆိုပြီး စွဲလမ်းတဲ့စိတ်ကြောင့် )

ထိုမထေရ်ကြီး နဂါးဘ၀သို့ ရောက်ရသည့် အချိန်မှစ၍ စိတ်ချမ်းသာ မှုမရခဲ့ဘဲ၊ လူ့ဘ၀ကို ပြန်ရချင်ပါလျက်နှင့် ဘုရားနှစ်ဆူတို့၏အကြား ကာလကြီးတစ်ခုလုံးကြာ ခဲ့ရသည်။ ဘုရားနှစ်ဆူတို့၏ အကြားကာလဆိုသည်မှာ လည်း နည်းလှသော ကာလမဟုတ်။ ကဿပ ဘုရားပွင်ရာ နှစ်သောင်းတမ်းကာလမှ အနှစ်တစ်ရာလျှင် တစ်နှစ်ကျ လျော့သည့် နှုန်းဖြင့် ဆုတ်လာရာ ဆယ်နှစ်တမ်းသို့ရောက်ရ၏။ ထိုဆယ်နှစ်တမ်းမှ တစ်ဖန်ပြန်တက်ခါ အသင်္ချေတမ်း သို့ရောက်ရ၏။ ထိုအသေင်္ချတမ်းမှ ပြန်ဆုတ်လာပြန်ရာ အနှစ်တစ်ရာတမ်း သို့အရောက် ဗုဒ္ဓ ဂေါထမပွင့်တော်မူခဲ့လေသည်။ ဤမျှကြာသောကာလကြီးဖြစ်သည်။

ထိုမထေရ်ကြီးသည် နဂါးဘ၀သို့ရောက်ပြီးချိန်မှစ၍တရားနာခွင့် ဘုရားဖူးခွင့်လည်း မရခဲ့ပေ။ ဗုဒ္ဓဂေါတမ နှင့် တွေ့ရမှသာ ထိုအခွင့်အရေး နှစ်ရပ်ရရှိခြင်းဖြစ်သည်။ ဂေါတမမြတ်စွာဘုရားအား သူ၏ လျှောက်ထားချက်မှာ သနားဖွယ်ကောင်းလှ၏။

မြတ်စွာဘုရား၊ တပည့်တော်သည် အရှင်ဘုရားလိုဘုရားတစ်ဆူ၏ တပည့် ရဟန်းကြီးပါ ၊ အနှစ်နှစ်သောင်းတိုင် ရဟန်းတရားကို အားထုတ်ခဲ့ပါတယ်။ ထိုအနှစ်နှစ်သောင်းအားထုတ်ခဲ့သော ရဟန်းတရားက တပည့်တော်ကို အပါယ်မှ ကယ်မထုတ်နိုင်ပါ၊ မပြောပလောက်သော ပြိတ်မြက်ရွက်ကို ဖြတ်မိသည့် အာပတ်ကို အမှီပြုပြီး အဟိတ်ပဋိသန္ဓေဖြင့် နဂါးကြီး ဖြစ်ခဲ့ပါတယ်။ ဘုရားနှစ်ဆူတို့၏ အကြား ကာလကြီးတစ်လျှောက်လုံး လူ့ဘ၀ကို မရခဲ့ပါ။ တရားနာခွင့် မရခဲ့ပါ။ ဘုရားဖူးခွင့် မရခဲ့ပါ ဟု လျှောက်ထားလေသည်။

ထိုလျှောက်ထားချက်ကို အခြေခံ၍ မြတ်စွာ ဘုရားရှင်က-

လူအဖြစ်ကို ရဖို့မလွယ်၊ သတ္တ၀ါတို့၏ သက်ရှင်ရေးလည်း မလွယ်၊ သူတော်ကောင်း တရားကို နာယူဖို့လည်း မလွယ်၊ ဘုရားရှင်တို့ ပွင့်ပေါ်ဖို့လည်း မလွယ်။

ဟုဟောတော်မူရာ သူနှင့်အတူ တရားနာကြသော လူပုဂ္ဂိုလ်တို့ ကျွတ်တမ်းဝင်ကြရကုန်၏။ နဂါးမင်းကြီးမှာ သက်တော်ထင်ရှား ဘုရားကိုယ်တော်မြတ်ကြီးကို ဖူးတွေ့ရ၊ မိမိကို အကြောင်းပြုသော တရားကို နာကြား ရပါလျက် အဟိတ်တိရစ္ဆာန်ဖြစ်နေရသည့်အတွက် တရားထူးမရပဲ ဖြစ်ရရှာလေသည်။ ဖြစ်ရချက်နာလှ၏။ နောင်အခါ မည်မျှကြာအောင် အပါယ်လေးပါး၌ နစ်မွန်းရှာနေဦးမည် မသိနိုင်အောင်ဖြစ်ရလေသည်။

ဤနဂါးကြီးကဲသို့ အဖြစ်ဆိုးမျိုး နှင့် မကြုံကြရလေအောင် သီလကို လုံခြုံရေး အလေးပေးထိန်သိမ်းစောင့်ရှောက် ကြရပေမည်။ သို့မှ အပါယ်ဘေးက လွတ်ပြီး အထက်မဂ်ဖိုလ် တက်လှမ်းနိုင်ကြပေမည်။

သီလမစင်၊ ကျင့်လျှင်ဘ၀နာ၊ အရာမရောက်၊
ရေမှောက်သဲပြင်၊ ပမာသွင်၊ အစဉ်သတိပြု။


ရွှင်လန်းချမ်းမြေ့ကြပါစေ။

4 - ခုမှတ်ချက်ပေးခဲ့တယ်:

flowerpoem said...

လူဖြစ်ရကျိုးနပ်အောင် ရခဲလှသော လူ့ဘ၀ကို တန်ဖိုးရှိအောင် အသုံးချနိုင်ပါစေ..

ဧရာဝတီသား said...

ရခဲ လှသည့် လူ့ဘ၀တွင်၊ ကြုံခဲ လှသည့်သာသနာနှင့် ကြုံခိုက် အချည်းနှီး မဖြစ်ဖို့ သံဝေဂ ယူသွားပါသည်။

မိုးစက်အိမ် said...

မှန်တာပေါ. လမင်းရေ လူကြီးတွေ
ပြောသလို မိုးပေါ်က အပ်နဲ. မြေကြီးက
အပ်ထိရင်ထိမယ် ... လူဖြစ်ဖို.တော.
တကယ်ကို မလွယ်တာပါဗျာ...

moekhar said...

;)
လူ့ဘ၀က ရခဲပါတယ်
ရခဲတဲ့ဘ၀ကို ရတုန်း အချိန်တွေ တန်ဖိုးရှိအောင် အသုံးချသင့်တယ်နော်
ကျေးဇူးတင်ပါတယ်း)

မိုးခါး

Post a Comment

တရင်းတနှီး ဆွေးနွေးခဲ့ပါ။အားလုံးပျော်ရွှင်ကြပါစေ။

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။